ကလော ဇွန် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွှဲ ၂ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမြင့်က ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းသိသင့်သိထိုက်သည့်အချက်များ၊ သတင်းတု၊ သတင်းအမှားများခွဲခြားသိရှိနိုင်ရေးနှင့် လူမှုကွန်ရက်စာမျက်နှာများက ပြည်သူများ၏ အထင်မှားစေနိုင်သည့် ကောလာဟလသတင်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်တင်နီလာဦးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းထွန်းက ပြည်သူ့စစ်မှုထမ်းဆောင်ရာတွင် သိသင့်သိထိုက်သည့်အချက်များ၊ စစ်မှုထမ်းရာတွင် ပြည်သူ့တပ်မတော်သားများ၏ နေထိုင်သွားလာရမည့်စည်းမျဉ်း၊ စည်းကမ်းများ၊ တပ်မတော်သားများ၏ အခန်းကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်သူများအား ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သည့် ပြည်သူ့စစ်မှုထမ်းဉပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူအကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလအကြောင်း၊ ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုခြင်း၊ စိုးရိမ်ရန်မလိုအကြောင်း၊ ပြည်သူ့စစ်မှုထမ်းဉပဒေအရ သိသင့်သိထိုက်သည့်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)