ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်၊ဆရာ/မများနှင့် တွေ့ဆုံ၊ ဆေးဝါးကုသမှုခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှုအားပေးစကား ပြောကြား

ပူတာအို ဇွန် ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ပူတာအိုခရိုင်သို့ ရောက်ရှိနေသော ပူတာအိုခရိုင် ဖွံ့ဖြိုးရေး တာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မေ(၃၀)ရက် နံနက်ပိုင်းက ကုတင်(၁၀၀)ဆံ့ ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆေးရုံအုပ်၊ ဆရာ/မများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ပူတာအိုခရိုင်အတွင်း မြို့နယ်ငါးမြို့နယ်တွင် နိုင်ငံ့တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းစုစုပေါင်း (၃၂၀၀)ဦးရှိပါကြောင်း၊ အဆိုပါ ဝန်ထမ်းများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အခြေခံစားသောက်ကုန်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် မြစ်ကြီးနားမှ ပူတာအိုသို့ တင်ပို့လျက်ရှိရာ နှစ်ကြိမ်ရောက်ရှိပြီဖြစ်ကြောင်း၊ ထပ်မံ၍လည်း ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက်ပါ သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ခက်ခဲသောကာလတွင် ဝါသနာ၊ စေတနာ၊ အနှစ်နာခံ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ပေးသည့်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍  ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ  ကုတင်(၁၀၀)ဆံ့ ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ ဆရာ/ဆရာမများအနေဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆေးဝါးရရှိရေးနှင့် အခြားလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ကတင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန် အလှူငွေနှစ်သိန်းကို ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းနှင့် တာ ဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသော မွေး ပြီးစလူနာခန်း၊ မီးယပ်ဆောင်၊ ခွဲစိတ်လူနာဆောင်(မ)၊ ဆေးကုသဆောင်(အမျိုးသား)နှင့် ပြင်ပလူနာဌာနများသို့ သွားရောက်ကာ ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်နှင့် ဆရာ/မများ၏ လိုက်လံပြသမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ဝန်ကြီးက ဆေးဝါးကုသမှုူခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် အကွက်အမှတ်(၃)တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ငါးကန်ဧရိယာ(၂.၀၂၈)ဧကတွင် ငါးမွေးမြူရေးကန်(၉)ကန် အနက်(၄)ကန် တူးဖော်ပြီးစီးမှုအခြေအနေများ၊ ဒေသခံပြည်သူများ၏ လယ်မြေများတွင် အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ သိပ္ပံနည်းကျ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ထားရှိမှုများနှင့် မိုးစပါးစိုက်ပျိုးနိုင်ရန် မြေပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် အဆိုပါငါးကန်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံ ဦးကျော်ကိုကိုကျော်က ငါးလုပ်ငန်းဦး စီးဌာန၏ကြီးကြပ်မှုဖြင့် ငါးမွေးမြူရေး ကန်ဆောင်ရွက်မည့် မြေနေရာတွင် ငါးကန်တူးဖော်မည့်နေရာများ၊ ငါးကန်အား ခြံစည်းကာရံနိုင်ရန် ဆောင်ရွက်ထားရှိမှုများကို မြေပုံကြမ်းဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက  ပူတာအိုခရိုင်တွင် ငါးသယံဇာတ ဖူလုံစွာ စားသုံးနိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းအကြောင်း အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်ရေးမှာကြား ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)