ဇမ္ဗူသီရိ ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရောင်နီဦးစာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်အောင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများကို ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်အောင်က ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ရပ်မိရပ်ဖများက စာကြည့်တိုက်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရေးအတွက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာတို့က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်/စာစောင်များအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)