ထန်းတပင် ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး အသေးစားစက်မှု လုပ်ငန်းများ တိုးလာစေရန်ရည်ရွယ်၍ ဝါးပတောကျေးရွာအုပ်စု၊ ဝါးပတော ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မေလ(၃၀)ရက်နေ့နံနက်ပိုင်းက စီမံကိန်းရန်ပုံ ငွေဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဝါးပတောကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စာရင်းဇယားများ စနစ်တကျထိန်းသိမ်းထားရှိမှု ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင် လည်ပတ်ရန်ပုံငွေကျပ်သိန်း (၃၀၀)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါအသင်းသူ၊ အသင်းသား (၁၇၆)ဦးတို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ် ရန်ပုံငွေကျပ်(၄၂၂)သိန်းကို အတိုးနှုန်းသက်သာစွာဖြင့် သတ္တမအကြိမ်မြောက်ထုတ်ချေးထားပြီး စီမံကိန်းလုပ်ငန်းများကို လည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)