ရန်ကုန် နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း အခြေခံလက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်ရှိ အခြေခံအိမ်ထောင်စု ၁၈၀ အတွက် အခြေခံစားသောက်ကုန်များကို ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့မှ ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အလှူရှင်များနှင့်အတူ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် Amarathit Curvy ကုမ္ပဏီ နှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ ကိုယ်စား ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူနှင့် We Love Yangon မှ တာဝန်ရှိသူများသည် သမ္မတကမ်းခြေရပ်ကွက် ဓနုသစ်ဆိပ်လမ်းရှိ အခြေခံအိမ်ထောင်စု ၁၃၀ နှင့် ကျောက်ဆွဲဝင်း လမ်းရှိ အခြေခံအိမ်ထောင်စု ၅၀၊ စုစုပေါင်း အိမ်ထောင်စု ၁၈၀ တို့အား ဆန် ၆ ပြည်၊ ဆီ ၅၀ သား၊ ငါးသေတ္တာ ၅ ဘူး၊ ခေါက်ဆွဲခြောက် ၁ ဖာနှင့် အချိုရည် စသည့် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၁၅၀၀၀ တန်ဖိုးဖြင့် စုစုပေါင်း ငွေကျပ် ၂၇ သိန်းတန်ဖိုးရှိသော အခြေခံ စားသောက်ကုန်များကို လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ အခြေခံစာသောက်ကုန်များ လှူဒါန်းရာသို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်စည်ပင်သာယာကော်မတီအဖွဲ့ဝင်(၁) ဦးကျော်လင်း၊ We Love Yangon နှင့် We Love Dala လူထုအခြေပြုပရဟိတအဖွဲ့မှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)