လယ်ဝေးမြို့နယ်အတွင်း မိုးစပါးတွင် Seeder ရာနှုန်းပြည့်မီရန် မြို့နယ်အဆင့်နှင့် ကျေးရွာအုပ်စုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လယ်ဝေး ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်မိုးစပါးတွင် Seeder ၁၀၀ ရာခိုင်နှုန်း ပြည့်မီရန်  မြို့နယ်အဆင့်နှင့် ကျေးရွာအုပ်စုအဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးဦးစိုးနိုင်က မိုးစပါးရာသီတွင် Seeder. အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဝင်းအောင်တို့က Seeder ဖြင့် အစိုမျိုးစေ့ချစိုက်ပျိုးခြင်း၊ အခြောက်မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် ဘောင်ချ၍ စိုက်ပျိုးခြင်းနည်းစနစ်များအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ဒုတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရေး တာဝန်များ ပေးအပ်သည်။ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် ကြဲခင်းစနစ် ပပျောက်ရေးအတွက် မိုးစပါး စိုက်ဧက ၆၂၆၇၈ ဧကအား ပျိုးထောင်စိုက် ၃၃၆၇ ဧက၊ အခြောက်မျိုးစေ့ချစက်ဖြင့် ၇၅၀၀ ဧကနှင့် အစိုမျိုးစေ့ချစက်ဖြင့် ၅၁၈၁၁ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝေကြည်( ပြန်/ဆက်)