နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပုဂ္ဂလိကကျန်းမာရေးဥပဒေ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သော ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက ပြည်သူတွေအတွက် မျှတသောစားရိတ်နှင့် အရည်အသွေး မြင့်မားသော ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိကြစေရန် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကော်မတီအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ ဝန်ဆောင်မှုပေးနေသော အခြေအနေတွေအပေါ်မှာ ထိန်းကြောင်းတည့်မတ်ပေးရန်အတွက် တာဝန်ရှိပါကြောင်း၊ နေပြည်တော် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်ပေါင်း (၁၄၈) ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းလိုင်စင်မရှိဘဲ ဖွင့်လှစ်နေသည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ဆက်လက်ဖွင့်လှစ်နေခြင်းမရှိသည်ကိုသိရပါကြောင်း၊ လိုင်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်လျှောက်ခြင်းလုပ်ငန်းများကိုလည်း ကော်မတီအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ်ခွင့်ပြုသွားမှာဖြစ်ပါကြောင်း၊ လိုင်စင်လျှောက်ထား တင်ပြလာသော ပုဂ္ဂလိကအထူးကုဆေးခန်း (၁)ခု၊ သာမန်ဓါတ်မှန်လုပ်ငန်း (၄)ခု၊ သာမန်ဓါတ်ခွဲလုပ်ငန်း (၁)ခု၊ အထွေထွေရောဂါကုဆေးခန်း (၁၁)ခုတို့ကို လိုင်စင်ချထားပေးရန်အတွက် ခွင့်ပြုချက်တောင်းခံထားသည်ကိုလည်း တွေ့ရပါကြောင်း၊ ကော်မတီဝင်ဌာနများအနေဖြင့်လည်း ပါဝင်စိစစ်ပြီး လိုင်စင်ခွင့်ပြုရာမှာ အကြံပေးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးက ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်အမျိုးမျိုးကို ထုတ်ပေးသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)