စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘိုဘိုကျော် နွေနှမ်းစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု

မြစ်သား  ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၁၅-က) ဦးပိုင် အမှတ်(၃၅)ရှိ တောင်သူဦးချစ်လှိုင်၏ နွေနှမ်းဘောင်ကြီးတင် စိုက်စနစ်စံပြကွက်(၅)ဧကနှင့် လွန်ကျော်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၂၀-ခ)ဦးပိုင်အမှတ်(၂၀/၂)ရှိ နွေနှမ်း ပေါင်ကြီးတင်အကွက်ကျယ်စံပြကွက် (၅၀)ဧကမှ တောင်သူဦးအောင်ဇော်မြင့်၏ (၁၀)ဧက စိုက်ကွင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘိုဘိုကျော် မေလ ၃၀ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ စိုက်ခင်းတွင် မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ဒုတိယဝန်ကြီး၏ နွေနှမ်းဘောင်ကြီးတင်အကွက်ကျယ်စိုက်ကွက် (၅၀)ဧက စိုက်ပျိုးပြသရန် လမ်းညွှန်မှုအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ နွေနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ၊ မျိုး၊ မြေ၊ ရေ၊ နည်းစသည့်အချက်များအပေါ် အခြေခံကာ တောင်သူများ အားစိုက်ပျိုးနည်းစနစ်များကို ပညာပေးဆောင်ရွက်လျက်ရှိကြောင်း၊ နွေနှမ်းစိုက်ပျိုးထုတ်လုပ်သူ တောင်သူများအား ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် ၏ အားသာချက်များကို ပညာပေးဆွေးနွေးပြီး တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းအခြေအနေ၊ ၂၀၂၄-၂၀၂၅ခုနှစ် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ)အထူးဇုန် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုတင်ပြပြီး ဒုတိယဝန်ကြီးမှ နွေနှမ်းဘောင်ကြီးတင်စိုက်ခင်းသို့ ကြည့်ရှုအားပေးကာလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကွင်းပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမျိုးဇော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်၊ စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ခင်၊ တိုင်းအဆင့် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဝင်များ၊ ခရိုင်အဆင့်စိုက်ပျိုးရေး ညှိနှိုင်းမှုကော်မတီဝင်များ၊ မြို့နယ်အဆင့်စိုက်ပျိုးရေး ညှိနှိုင်းမှုကော်မတီဝင်များနှင့် ဝန်ထမ်းများ၊ တောင်သူ(၁၅)ဦး စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)