ချီဖွေမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ်ပေါင်း (၁၀၀) ထောက်ပံ့ပေးအပ်

ချီဖွေ မေ ၃၁

ကချင်ပြည်နယ်၊ ချီဖွေခရိုင်အတွင်း မေ ၂၈ ရက်နေ့ ညပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့် မေခမြစ်ရေမြင့်တက်လာမှုကြောင့် ချီဖွေမြို့ရစ်လော်ခေါင်ရပ်ကွက်ရှိ IDPs စခန်း (၁)နှင့် (၂) တို့တွင် နေထိုင်ကြသည့် ရေဘေးသင့်အိမ်ထောင်စု (၁၃၉)စု တို့အား ကချင်ပြည်နယ်အစိုးအရအဖွဲ့က ဆန်အိတ် (၁၀၀) ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်(၁၀) နာရီတွင် အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းပွဲတွင် ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် IDPs စခန်းရှိ ပြည်သူများရေဘေးလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ အားလုံး ဝန်းဝိုင်းဆောင်ရွက်သဖြင့် အထိအခိုက်မရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊‌ ယခုလို ရေဘေးသင့်ပြည်သူများအား ဝိုင်းဝန်းကူညီကယ်ဆယ်ဆောင်ရွက်နိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်‌‌ရေးအတွက်ကိုလည်းအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အားပေးပြောကြားသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်နှင့် အဖွဲ့ဝင်များက IDPs စခန်း (၁) နှင့် (၂) ရှိ ရေးဘေးသင့် အိမ်ထောင်စုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးပို့လာသည့် ဆန်အိတ်ပေါင်း (၁၀၀) အား စခန်းတာဝန်ခံများထံ လွှဲပြောင်းပေးအပ်ခဲ့ကြရာ ရေဘေးသင့်အိမ်ထောင်စုများ ကိုယ်စားလော်ဝေါ်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာဦးဒေါ့ဂျောဇောင်းလွမ်းက ကျေးဇူးတင်စကားပြော ကြားခဲ့သည်။

အဆိုပါ ရေဘေးဖြစ်စဉ်မှာ ချီဖွေခရိုင်အတွင်း မေ ၂၈ ရက် ည ၁၁ နာရီတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျချောင်ရေများ တစ်ရှိန်တိုး စီးဆင်းလာခဲ့သည့်အပြင် မေခမြစ်ရေပါ မြင့် တက်လာသဖြင့်မြို့၏ မြေနိမ့်ပိုင်းရစ်လော်ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် IDPs စခန်း (၁) နှင့် (၂) တို့ ရှိ အိမ်ထောင်စု (၁၃၉) စု၊ လူဦးရေစုစုပေါင်း (၁၀၀၀) ကျော်တို့အား ရေဘေးလွတ်ရာ KBC ဘုရားကျောင်းနှင့် လော်ဝေါ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတို့တွင် ရွှေ့ပြောင်းပေးခဲ့ရသည့်အပြင် အဆိုပါ ရေဘေးကြောင့် လူနေအိမ်တစ်ချို့၏ နေအိမ်တံတိုင်းများ ပျက်စီးခဲ့သည့်အပြင် မြေပြိုကျမှု ဖြစ်စဉ်များလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)