ချီဖွေ မေ ၃၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲကချီဖွေမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "ဇာတိမာန်" သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည် အဓိကဖြစ်ကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို အဓိကတည်ဆောက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတတ်များပေါများရန်လိုအပ်ရာ နိုင်ငံတော်အနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အလေးထားလျက် ပညာရေးကဏ္ဍအရှိန်အဟုန်ဖြင့် တိုးတက်စေရန် အားပေးကြိုးပမ်းလျက်ရှိပါကြောင်း၊ လူငယ်များမိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများ အမှန်တစ်ကယ်ရရှိတတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ချီဖွေခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့် က ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ရပ်ကွက်ကျေးရွာအသီးသီးရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ ရောက်ရှိနိုင်အောင် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာသင်ကြားရုံသာမက စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသွားမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးချစ်စမ်းအောင်တို့က ပညာရေဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်၊ ကျောင်းသုံးဝတ်စုံနှင့် ဗလာစာအုပ်များအား ကျောင်းသားကျောင်းသူများထံသို့ ပေးအပ်ခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားရာ ချီဖွေခရိုင်အတွင်း အခြေခံပညာကျောင်းများတွင် မေ ၃၀ ရက်နေ့ အထိ ကျောင်းသား/ကျောင်းသူ ဦးရေစုစုပေါင်းခြောက်ထောင်ကျော် လာရောက်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း ခရိုင်ပညားရေးးရေးမှူးရုံးမှ သိရှိရသည်။
ယော်ကိ (ပြန်/ဆက်)