မြစ်ကြီးနား မေ ၃၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မေ ၃၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကျောက်မျက် လုပ်ငန်းရှင်များအသင်းပိုင်ဝင်းအတွင်းရှိ ကျောက်စိမ်း၊ ကျောက်မျက်အချောထည် အရောင်းဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား) ဥက္ကဋ္ဌ၊ အသင်းတာဝန်ရှိသူများနှင့်အတူ ကျောက်မျက်ရတနာဈေးအတွင်း ဖွင့်လှစ်ထားသည့် ပယင်းအချောထည်ရောင်းဝယ်ရေးစင်တာ၌ ဒေသထွက်ပယင်းရတနာများအား အချောထည်များပြုလုပ်၍ ရောင်းချနေမှုအခြေအနေများ၊ ပယင်းရတနာ ကုန်ကြမ်းများအား အချောထည်ဆောင်ရွက်နေမှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ အသင်းပိုင်ဝင်းအတွင်းရှိ ကျောက်စိမ်းကျောက်မျက်ဈေးတန်းရုံများ၌ ဒေသထွက် ကျောက်စိမ်းများဝယ်ယူရောင်းချ၊ သွေးဖြတ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် လတ်တလောအခြေအနေအရ အရောင်းအဝယ်အနည်းငယ် အေးနေမှုဖြစ်သော်လည်း စိတ်အားငယ်မှုမရှိဘဲ ကြိုးစားရောင်းဝယ်ကြရေး၊ နယ်မြေတည်ငြိမ်ပြီး ငြိမ်းချမ်းပါက အရောင်းအဝယ်ဖြစ်ထွန်းကားလာစေရေး မိမိတို့အနေဖြင့် အတူတကွဝိုင်းဝန်ကြိုးစား ဆောင်ရွက်ကြရန် လိုကြောင်းတိုက်တွန်းပြောကြားခဲ့သည်။
ထို့အတူ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့်တိမ်းရှောင်လာသော ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၃၀ ရက် မွန်းလွဲ ၁ နာရီကလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ မြို့ပေါ်ဘာသာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများစသည့် နေရာပေါင်း (၁၈) နေရာတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော မိသားစုများ အား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးထောက်ပံ့သည်။
ထို့သို့ ထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အိမ်ထောင်စုများအား မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် အတတ်နိုင်ဆုံးထောက်ပံ့ပေးအပ်မှုများနှင့် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး ကြိုးစားထောက် ပံ့လျက်ရှိပါကြောင်း၊ ယနေ့မိသားစုများအနေဖြင့် စိတ်ပျက်အားငယ်မှုမရှိစေဘဲ အခက်အခဲများကို မိမိတို့နှင့်အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြရန် လိုကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ်၌ ဘာသာရေးအဖွဲ့အစည်းများ၊ မိဘမဲ့ဂေဟာများစသည့် နေရာပေါင်း (၁၈) နေရာတို့တွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၃၄၆) စု၊ လူဦးရေစုစုပေါင်း (၁၇၆၅)ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော် မတီကငွေကျပ် ၂၅၉၅၀၀၀၀ တန်ဖိုးရှိ ဆန် (၂၄) ပြည်ပါအိတ်ပေါင်း (၃၄၆) အိတ်နှင့် ပြည်နယ်အစိုးရ အဖွဲ့က ငွေကျပ် ၅၇၀၉၀၀၀ တန်ဖိုးရှိ ခေါက်ဆွဲခြောက်ဖာပေါင်း ၃၄၆ ဖာကို အသီးသီးထောက်ပံ့ပေး အပ်ကြသည်။
ယင်းနောက် ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော မိသားစုဝင်များနှင့် သက်ဆိုင်ရာစခန်းတာဝန်ခံများက မိသားစုများအတွက် အဓိကလိုအပ်ချက်သည့် ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိင်ရေး အတွက်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)