စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

စဉ့်ကိုင် မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (စဉ့်ကိုင်)ကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီး၊ ဒုမြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြား‌ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.လ.က (ခွဲ) (သပြေရိုး)မှ ကျောင်းသား/သူများက "ကျောင်းအပ်နှံ‌ရေးနေ့ သီတင်းပတ်" သီချင်းဖြင့် သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသော အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့ အတွက် ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကြပြီး အ.ထ.က (စဉ့်ကိုင်) ကျောင်းသား/သူများက "ပြည်မြန်မာ" သီချင်း သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်စွာ (ပြန်/ဆက်)