တပ်ကုန်း မေ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီစာကြည့်တိုက်များပေါ်ထွန်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရာက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက မြို့နယ်အတွင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီစာကြည့်တိုက်များပေါ်ထွန်းရေးနှင့် စာကြည့်တိုက်အသစ် တည်ဆောက်ဖွင့်လှစ်ရန်၊ ပြုပြင်ရန် စာကြည့်တိုက်များ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီများက ကြီးကြပ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာပေချစ်မြတ်နိုးသည့် ဒေသခံပြည်သူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် လူငယ်များ အသိပညာတိုးတက်မြင့်မားလာအောင် အဓိကလုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ အသိပညာဗဟုသုတနှင့်ပြည့်ဝကာ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာရေး ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာကြည့်တိုက်ဆောက်လုပ်ရန် မြေနေရာများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်