ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ပုသိမ်ကြီး မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်အဆင့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီး အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က ပုသိမ်ကြီး အဝင်ပေါက်ရှေ့တွင် စိုက်ထူထားသော "ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်ရှေ့တွင် တာဝန်ရှိသူများ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး၊ အစီအစဥ်အရ အခမ်းအနားတွင် ကျောင်းသား ကျောင်းသူလေးများမှ ကျောင်းနေအရွယ်ကလေး ကျောင်းအပ်နှံရေး တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးမျိုးဇော်ခိုင်က ကျောင်းအပ်နှံရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်ခဲတံ၊ ကျောင်းဝတ်စုံများကို မြို့နယ်တာဝန်ရှိသူများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား အသီးသီး ပေးအပ်ခဲ့ကြသည်။ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများကို "မိုးဦးအလှ စိမ်းစိုမြ" တေးသီချင်းဖြင့် ကျောင်းသား ကျောင်းသူများက သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)