ပြင်ဦးလွင် မေ ၃၁
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၁ ရေငယ်ရှိ ကျေးရွာစာကြည့်တိုက်သို့သွားရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မေလ ၂၈ ရက်နေ့က ရပ်ကွက်ကြီး ၅ ရှိ လမင်းတစ်ရာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်သို့လည်းကောင်း၊ မေလ ၂၇ ရက်နေ့က ရပ်ကွက်ကြီး ၁၇ ရှိ အနီးစခန်းစာကြည့်တိုက်၊ မြတ်ဂုဏ်ရည်စာကြည့်တိုက်နှင့် နွယ်နင်းမှ ဘဝအလင်းရောင်စာကြည့်တိုက်များသို့ သွားရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် စာကြည့်တိုက်ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးများနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်မည့် အစီအမံများ၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ချပြရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာစာကြည့်တိုက်များမှ ပြန်လည်ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညှိနှိုင်းပေါင်းစပ်ဆွေးနွေးမှုများအရ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက် စနေနေ့ မွန်းလွဲ ၁၄နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇ ရှိ အနီးစခန်းစာကြည့်တိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် အနီးစခန်းကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပရန်နှင့် အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် စာရေးဆရာကိုရွှေအောင်သင်းမှ “စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ လူငယ်များနှင့် ဒေသခံပြည်သူများ စာပေအသိဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို ဟောပြောဆွေးနွေးပေးမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)