တောင်ဥက္ကလာပ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားလေးများက ကျောင်းအပ်နှံရေးနေ့အဖွင့်သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှသိန်းနှင့် တောင်ဥက္ကလာပမြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့က အဖွင့်အမှာစကားပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များနှင့် ခဲတံ၊ ဘောလ်ပင်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပြီး မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှသိန်းနှင့် ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)