နေပြည်တော် မေ ၃၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နေပြည်တော်ကောင်စီမှ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး နှင့်ဇနီး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်သီတာဇင်၊ နေပြည်တော်အမျိုးသမီးရေးရာနှင့် နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီမှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးတိုင်း KG+9 အခြေခံပညာအလယ်တန်း အဆင့်ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ KG+9 အဆင့် ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားမည့်ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်းခွင် ဝင်ရောက်နိုင်သလို သတ်မှတ်အရည်အချင်းပြည့်မီပါက အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်မှာဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ကျောင်းအပ်နှံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့၏ ကလေးငယ်များ ပညာရည်ထူးချွန်မှုရှိစေရန်နှင့် ပညာတတ်များဖြစ်စေရေး၊ ကျောင်းပညာရေးအပြင် ကျောင်းပြင်ပ အသိပညာဗဟုသုတများကို ဆည်းပူးလေ့လာနိုင်အောင် စီမံဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီမှ ဝန်ထမ်းသားသမီးများဖြစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ KG ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ကြရာ ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့ နေပြည်တော်ကောင်စီမှ ဝန်ထမ်းသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ လေးဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၁၅ ဦး၊ မူလတန်းကျောင်းသား၊ ကျောင်းသူ ၄၄ ဦး၊ KG ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး၊ စုစုပေါင်း ၉၂ ဦးအတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၃၅၅၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)