ဒေါပုံ မေ ၃၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ (၅) ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းမှ အဖွဲ့ဝင်များနှင့် ပြင်ပမှစိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅) ဦး တတ်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲသို့ ဗိုလ်တထောင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)