ကျောက်တန်း နိုဝင်ဘာ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်နှင့် ပြည်သူများအနေဖြင့် လူစည်ကားရာ ဈေးများတွင် သွားရောက်ဝယ်ယူမှုများ မပြုစေရန် အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်း၍ ဆန်၊ ဆီနှင့် စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် အတွင်း လိုက်လံရောင်ချခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က လာရောက်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
“အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေများနေတဲ့အချိန်မှာ ရပ်ကွက်တွေအတွင်း လိုက်လံရောင်းချပေးတယ်၊ သန့်လည်းသန့်ရှင်းတယ်၊ လတ်ဆတ်မှုလည်းရှိတယ်၊ ဈေးနှုန်း ကြတော့လည်း ဈေးမှာဝယ်ရတာထက် သက်သာတယ်၊ ရောဂါကူးစက်မှုလည်း ထိန်းချုပ်ကာကွယ်နိုင်တယ်၊ အရမ်းအဆင်ပြေပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်၊ နောက်လည်း ယခုလို လာရောက်ရောင်းချ ပေးစေချင်ပါတယ်” လို့ ဈေးဝယ်သူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါရောင်းချမှုတွင် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်နီ/ဖြူ၊ ကြက်ဥ၊ မန်ကျည်းသီး၊ ပဲမျိုးစုံနှင့် အခြားစာသောက်ကုန်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ဈေးနှုန်းချိုသာစွာဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)