လှည်းကူး မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့်ဆောင်ရွက်ထားရှိသည့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၁၂၅၀ ပေ × ၈ ပေ × ၆ လက်မ) အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးကျော်လင်းသန်း၊ လှည်းကူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဘသိန်းနှင့် တာဝန်ရှိသူများက ဇရပ်ကွင်းကျေးရွာရှိ VDP စီမံကိန်းဖြင့်ဆောင်ရွက်ထားသည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်ရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန်လာစေရေေးအတွက် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
အေးအေးနွဲ့(ပြန်/ဆက်)