ရန်ကုန် မေ ၃၁
ယခုအချိန်အခါသည် မိုးကြိုကာလသို့ရောက်ရှိနေပြီဖြစ်ရာ မိုးကြိုကာလမိုးလေဝသဖြစ်စဉ်များနှင့်အတူ နှစ်စဉ်ဖြစ်နေကြအတိုင်း ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ပြို၊ မြေပြိုခြင်း၊ တောင်ကျရေဆင်းခြင်းစသည်တို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန်နှင့် ဘေးအန္တရာယ်ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးအချိန်များတွင် လုပ်ဆောင်ရမည့်အစီအစဉ်များကို ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပါဝင်လာစေရန် ဟူသောရည်ရွယ်ချက်ဖြင့် မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဝန်ထမ်းမိသားစုများပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကျောင်းအုပ်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး၊ ရန်ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဒဂုံမြို့သစ်ခရိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်(၂)နှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဒဂုံဆိပ်ကမ်းမြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်(၂)နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
မြို့နယ်(ပြန်/ဆက်)