ဒဂုံတောင် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများပါဝင်သောပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မိုးဦးကျရာသီတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လခွဲ(၄)၊ လခွဲ(၂၅)၊ အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်း(ထခွဲ)နှင့် ၂၂၊ ၂၅၊ ၅၄၊ ၂၆၊ ၁၀၅၊ ၁၄၀ ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် တစ်အိမ်တက်၊ တစ်အိမ်ဆင်း ခြင်များခိုအောင်းနေထိုင် ပေါက်ဖွားမှုမဖြစ်ပေါ်စေရေး ရေအိုး၊ ရေစည်၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးပြောကြားကြောင်း သိရသည်။
သန်းသန်အေး