တွံတေး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး​​နေ့အခမ်းအနား ကျင်းပ

 တွံတေး မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်းမြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.ထ.က(၁)ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ခရိုင်ပညာရေးမှူးဆရာမကြီးဒေါ်ခင်စန်းရီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်တို့က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးရဲမှူးမျိုးဦးက လုံခြုံရေးကိစ္စရပ်များဆွေးနွေးပြီး မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ခင်မြချိုက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တွံတေးမြို့နယ်၌ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ(၄၅၃၅၈)ဦးရှိကြောင်း၊ ယခုပညာရေးမှာ အခမဲ့ပညာရေးဖြစ်ကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည့် သင်ထောက်ကူပစ္စည်းများကိုလည်း နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းကို ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများသိရှိအောင် ဆရာ၊ ဆရာမများမှ ရှင်းပြပေးစေလိုကြောင်း၊ ယခုကျောင်းဖွင့်ရက်ကာလမှာလည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း လိုအပ်သလို ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ကျောင်းအပ်နှံရေးကို မေလ ၂၃ ရက်နေ့မှ ဇွန်လ၂ ရက်နေ့အထိ ပိတ်ရက်မရှိ ‌လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်နှင့်တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများထံပေးအပ်ခဲ့ကြပြီး အ.ထ.က(၂)ကျောင်းမှ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အင်အား၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား