ကယားပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား (စတုတ္ထအကြိမ်) ထောက်ပံ့ငွေများပေးအပ်

လွိုင်ကော်  နိုဝင်ဘာ ၁၁

ကယားပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များထံသို့ အဆိုပါ ထောက်ပံ့ ငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက ပုံမှန်ဝင်ငွေ မရှိသောအခြေခံ လူတန်းစားများထံ တိကျမှန်ကန်စွာ ပေးအပ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတွက် နယ်စပ်ဂိတ်များအား အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်ရန် အဖွင့်အမှာစကားတွင် ပြောကြားခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာန ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ ဥပဒေအတိုင်းထိထိရောက် အရေးယူ ဆောင်ရွက်သွားရန် လမ်းညွှန်းမှာကြား ခဲ့သည်။
ထို့နောက် ပြည်နယ်ခေတ္တဝန်ကြီးချုပ်က မြို့နယ်(၇)မြို့နယ်ရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများအား သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ကယားပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ သည်။
လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်တွင် တင်ပြချက် စာရင်းများအရ အိမ်ထောင်စု (၇,၁၃၁) စု ဖြစ်ပြီး ယင်းအတွက် ထောက်ပံ့ငွေ (၁၄၂,၆၂၀,၀၀၀) ကျပ် အားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်အတွက် အိမ်ထောင်စု(၅,၈၁၂)စုအတွက် ထောက်ပံ့ငွေ (၁၁၆,၂၄၀,၀၀၀)ကျပ်အား လည်းကောင်း၊ ဖရူဆိုမြို့နယ် အတွက် အိမ်ထောင်စု (၁,၁၉၇) စုအတွက် ထောက်ပံ့ငွေ (၂၃,၉၄၀,၀၀၀) ကျပ်ဖြစ်ပြီး ရှားတော မြို့နယ်တွင် အိမ်ထောင်စု (၂၇၈)စုအတွက် ထောက်ပံ့ငွေကျပ် (၅,၅၆၀,၀၀၀) ဖြစ်ပါကြောင်း၊ ဘောလခဲ ခရိုင်၊ ဘောလခဲမြို့နယ်တွင် အိမ်ထောင်စု (၅၇၀)စုအတွက် ငွေကျပ် (၁၁,၄၀၀,၀၀၀) အား လည်းကောင်း၊ ဖားဆောင်းမြို့နယ်တွင် အိမ်ထောင်စု (၁,၁၃၆)စုအတွက် ထောက်ပံ့ငွေကျပ် (၂၂,၇၂၀,၀၀၀)နှင့် မယ်စဲ့မြို့နယ်တွင် အိမ်ထောင်စု (၅၇၄)စုအတွက် ထောက်ပံ့ငွေကျပ် (၁၁,၄၈၀,၀၀၀) တို့အား အသီးသီး ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး (ပြန်/ဆက်)