အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည့် သထုံမြို့နယ်ကိုယ်စားပြုအသင်းအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

သထုံ      မေ      ၃၁

မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် သထုံမြို့နယ်ကိုယ်စားပြုအသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အနိုင်ရဘောလုံးအသင်းအား ပန်းကုံးစွပ်၍ ကြိုဆိုဂုဏ်ပြုကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲနိုင်က ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ အသင်းနည်းပြတစ်ဦးက ပြိုင်ပွဲကာလယှဉ်ပြိုင်ခဲ့မှု အခက်အခဲများကိုပြောကြားခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူးက ဂုဏ်ပြုပွဲပြုလုပ်ပေးခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး နေ့လယ်စာဖြင့် တည်ခင်းကျွေးမွေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် သထုံမြို့နယ်ကိုယ်စားပြုအသင်းသည် ချောင်းဆုံမြို့နယ်ကိုယ်စားပြုအသင်းနှင့် နောက်ဆုံးယှဉ်ပြိုင်အနိုင်ရကာ နှစ်နှစ်ဆက်တိုက် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးဘောလုံးသမားဆု၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံးဘောလုံးသမားဆုတို့ကိုပါ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်