ဘီးလင်းမြို့နယ် အ.ထ.က(ကန်သာယာ)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊​မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

ဘီးလင်း    မေ   ၃၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဘီးလင်းမြို့၊ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ်ပညာရေးမှူးဒေါ်ညွန့်ရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုစတင်လက်ခံပေးနေပြီး ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့အထိ လာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅၇၄၀)ဦး လက်ခံပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်၊ ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသိန်းသန်းစိုးတို့က နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော   ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများအား သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)