ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၄ ခုနှစ် (မိုးရာသီအကြို) လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ပါဝင်ဆင်နွှဲ

ဟိုပုံး မေ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သစ်တောသယံဇာတရေရှည်တည်တံ့စေရေးနှင့် ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်(မိုးရာသီအကြို) လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် နာရီအချိန်က ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီးဘေး နမ့်ပေါ်ဟွန်းကျေးရွာအနီးတွင် ကျင်းပပြုလုပ်သည်။

မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် မိုးရာသီသို့ရောက်ပြီဆိုရင် နိုင်ငံသားတိုင်း မဖြစ်မနေဆောင်ရွက်သင့်သော တာဝန်တစ်ရပ်မှာ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုညီမျှမှုကို ထိန်းသိမ်းစေနိုင်တဲ့ သစ်ပင်များစိုက်ပျိုးရေးပင်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို နှစ်စဉ်ခါးစည်းခံစားရလျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ပုံဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဲ့ဒီလုပ်ငန်းတွေမှာမိုးရာသီတွင် နှစ်စဉ်သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းလည်း ပါဝင်ကြောင်း၊ လူတစ်ဦးအနေနဲ့ လူ့အသိုက်အဝန်းကို အကျိုးပြုလိုလျှင် ဆောင်ရွက်ပေးရမယ့် ပရဟိတလုပ်ငန်းများ မြောက်များစွာရှိနေတဲ့အနက် သစ်ပင်စိုက်ပျိုးခြင်းဟာ ပြည်သူလူထုအတွက် သားစဉ်မြေးဆက် အကျိုးကျေးဇူးခံစားရရှိစေနိုင်တဲ့ ရေရှည်အကျိုးကိုဖော်ဆောင်ပေးခြင်းဖြစ်ပါကြောင်း၊ သစ်တောဧရိယာများ တဖြည်းဖြည်းလျော့နည်းကျဆင်းလာတာကို ပြည်သူများအားလုံး ဂရုပြုသိရှိပြီးနောက် ကုစားရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်သင့်ပါကြောင်း၊ ကုစားရန် အကောင်းဆုံးနည်းလမ်း တစ်ရပ်မှာနှစ်စဉ် လူတစ်ဦးလျှင် အနည်းဆုံးသစ်ပင် တစ်ပင်ခန့် ရှင်သန်ဖြစ်ထွန်းအောင်စိုက်ပျိုးသွားမည်ဆိုလျှင် အတိုင်းအတာတစ်ခုအထိ သစ်တောပြုန်းတီးမှုကို ကုစားနိုင်မှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ တိုးပွားလာတာနှင့်အမျှ     သစ်တောသယံဇာတများကို ထုတ်ယူသုံးစွဲမှုနှင့် ပျက်စီးပြုန်းတီးမှုများ များပြားလျက်ရှိပါကြောင်း၊ ဒါကြောင့် ကျွန်ုပ်တို့အားလုံးဟာ သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးခြင်းဖြင့် သစ်တောများ ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများမှာ တတ်အားသရွှေ့ ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ သစ်ပင်များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးထားရုံသာမက သစ်တောများ မီးလောင်မှုအန္တရာယ်မှလည်း ကာကွယ်ပေးရန်လိုအပ်ပါတယ်။ တောမီးလောင်ခြင်းကို မီးတားလမ်းများ ဖောက်လုပ်ခြင်း၊ ရွှေ့ပြောင်းတောင်ယာခုတ် မီးရှို့နေမှုများကို ပညာပေးတားဆီးခြင်း၊ တောလိုက်မုဆိုးများကို ကန့်သတ်ခြင်းကဲ့သို့သော ကြိုတင်ကာကွယ်သည့် နည်းလမ်းများဖြင့်သာ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ လူတစ်ဦးတစ်ယောက်ရဲ့ အမှုမဲ့အမှတ်မဲ့ စွန့်ပစ်လိုက်သော ဆေးလိပ်မီးတစ်စဟာ တစ်တောလုံး ကိုပြာကျသွားနိုင်သဖြင့် နိုင်ငံသားတိုင်းကိုယ်စီအသိရှိကြဖို့ လိုအပ်ပါကြောင်း၊ သစ်ပင်သစ်တောများသည် သဘာဝပတ်ဝန်းကျင်သာယာရေးအတွက် အခြေခံအကျဆုံးသော အရင်းအမြစ်များဖြစ်ပါကြောင်း၊ သစ်တောသယံဇာတ လွှမ်းခြုံထားသောဒေသများမှာ ရေဝေရေလဲနှင့် ရေအရင်းအမြစ်များကိုကြာရှည် ထိန်းသိမ်းထားနိုင်သောကြောင့် ရာသီဥတုမှန်ကန်ခြင်း၊ မိုးရေချိန်ပြည့်မှီစွာရရှိသဖြင့် သောက်သုံးရေအပြင် စိုက်ပျိုးရေကိုပါ ဖူလုံစွာရရှိမည်ဖြစ်ပါတယ်။ မိုးလေဝသမှန်ကန်မှုကြောင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၇၀% ကျော်သော ကျေးလက်နေပြည်သူများသည် စားဝတ်နေရေးအဆင်ပြေချော မွေ့လာကြမှာဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် သစ်ပင်များပေးအပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ‌ဒေသခံပြည်သူများကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်က မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဒေသခံပြည်သူများကိုလည်းကောင်း စိုက်ပျိုးရန်ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုပုံးတပ်နယ်မှ မိသားစုဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံတိုင်းရင်းသားပြည်သူများက တပျော်တပါး(မိုးရာသီအကြို) စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပြီးနောက် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ခါတော်မီ(၁၁၀)ပင်၊ ချယ်ရီ(၁၁၀)ပင်၊ စိန်ပန်းနီ(၁၁၀)ပင်၊ စိန်ပန်းပြာ(၁၁၀)ပင်၊ ထင်းရှူး(၁၀၀)ပင်၊ စုစုပေါင်း(၅၄၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)