ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေး

ပင်းတယ မေ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ/ဆရာမများက ယနေ့နံနက် ၉ နာရီမှ စတင်၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျောင်းသားမိဘများက မိမိတို့၏ သား/သမီးများနှင့်အတူ ပျော်ရွှင်အေးချမ်းစွာဖြင့် လာရောက်အပ်နှံကြပြီး တာဝန်ကျ ဆရာ/ဆရာမများကလဲ ရင်းနှီးဖော်ရွေစွာဖြင့် ကြိုဆိုလက်ခံပေးလျက်ရှိကြကြောင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် အခြေခံပညာစာသင်ကျောင်း စုစုပေါင်း (၂၄၁)ကျောင်းရှိပြီး သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် တာဝန်ကျ ဆရာ/ ဆရာမများက သူငယ်တန်း(KG)မှ ဒွာဒဿမတန်း (Grade-12)အထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်၏ (၉)ရက်မြောက်နေ့ဖြစ်သည့် ယနေ့အထိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အခြေခံကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် စုစုပေါင်းကျောင်းအပ်နှံမှု (၉၂)ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်နေသည့် ဆရာ/ဆရာမများ၊ လာရောက်အပ်နှံကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)