လယ်ဝေး နိုဝင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှစတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ရေးဦးစီးဌာန အစည်းအဝေးမ၌ ကျင်းပခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် လယ်ဝေးမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် စာရင်းပြုစုရေးအဖွဲ့မှ စာရင်းပြုစုထားသော ပုံမှန်ဝင်ငွေမရှိသူ အိမ်ထောင်စုစာရင်းအတိုင်း အတိအကျထောက်ပံ့သွားရန်၊ စာရင်းပါအိမ်ထောင်စု တစ်ခုချင်းစီ၏ ထောက်ပံ့ငွေအပြည့်အဝရရှိကြောင်း လက်မှတ်ရေးထိုးထားသည့်စာရင်းအား ပြန်လည်တင်ပြသွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြ/ခွင့်ပြုချက်ရရှိသည့် အိမ်ထောင်စုများစာရင်းအား ခွင့်ပြုချက် မရရှိဘဲ မပြင်/မဖြည့်/မဖျက်/မပယ်ဘဲ ၎င်းစာရင်းအတိုင်းသာ ထောက်ပံ့သွားရန် ရှင်းလင်း ပြောကြားခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ(၆၇)အုပ်စုတွင် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့သည့် အိမ်ထောင်စု(၅၃၅၄၂)စုကို တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်စီ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၀၇၀၈၄၀၀၀၀)ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်သွားမည်ဖြစ်ပြီး ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)