လားရှိုးမြို့တွင် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးပြုလုပ်

လားရှိုး မေ ၃၁

ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ မြို့ရွာသန့်ရှင်း သာယာလှပစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ  ရှင်းလင်းဆွေးနွေးမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက မိမိတို့၏ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊  လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူတို့က ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)