မိုင်းဖြတ် မေ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နတ်ကိုးကွယ်မှုကိုစွန့်လွှတ်၍ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသည့် ဗုဒ္ဓဘာသာကူးပြောင်းခံယူပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွက်သစ်ရပ်ကွက်၊ စိတ္တသုခကျောင်းတိုက်ရှိ ဓမ္မသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသက သရဏဂုံသုံးပါးနှင့် ငါးပါးသီလ၏ အနက်အဓိပ္ပါယ်များကို ဟောကြားတော်မူပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက် နေ့စဥ်ကျင့်ကြံ နေထိုင်ရမည့် ဆုံးမသြဝါဒများကို ဟောကြားတော်မူခဲ့သည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဘဒ္ဒန္တ ဓမ္မဝံသ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုး၊ ဒေါ်ပီခမ်းနွန်း(တက်နေဝင်း)မိသားစုနှင့် စေတနာရှင်အလှူရှင်များက ဗုဒ္ဓဘာသာဝင်ကူးပြောင်းခံယူသည့် အိမ်ထောင်စု ၂ စုမှအတွက် ဘုရားစင်းတုတော်နှစ်ဆူ၊ ဘုရားအသုံးအဆောင်ပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာကူးပြောင်းခံယူပွဲတွင် ပြည်ငြိမ်းအေးကျေးရွာနေ ဦးအားယိုမိသားစုဝင် ၇ ဦး၊ ဦးအားလို့ မိသားစုဝင် ၃ ဦး စုစုပေါင်း (၁၀)ဦးတို့သည် မိရိုးဖလာကိုးကွယ်ခဲ့သည့်(နတ်စား) နတ်ကိုးကွယ်မှုကိုစွန့်၍ မိမိတို့ဆန္ဒအရ ဗုဒ္ဓဘာသာကို ယုံကြည်မြတ်နိုးသည့်အတွက် ဆရာတော်ထံလျှောက်တင်ကာ ဗုဒ္ဓဘာသာဝင်များအဖြစ် ကိုးကွယ်ယုံကြည်ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး (ပြန်/ဆက်)