နမ့်စန်(တ) မေ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လွိုင်လင်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး လွိုင်လင်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းပို့ချမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် မေလ ၃၁ ရက်မှ ဇွန် လ ၂ ရက်နေ့အထိ ဖွင့်လှစ်ကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဝေါဟာရများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေတို့၏ သက်ရောက်မှုနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာမူဝါဒများနှင့် နည်းဥပဒေများ၊ ကြိုတင်ကာကွယ်ရေးနှင့် ဘေးလျော့ပါးရေး စသည့် ဘာသာရပ်များကို ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ စုစုပေါင်း (၃၁) ဦးတက်ရောက် လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)