မက်မန်း မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မတော်တဆယာဉ်တိုက်မှုများလျော့ချရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း သိရှိနိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မက်မန်းမြို့၊ ဗိုလ်ချုပ်လမ်းဆုံတွင် ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်အောင်မှ ဦးဆောင်၍ မြို့နယ်အတွင်းဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား သတ်မှတ်မိုင်းနှုန်းများအတိုင်း မောင်းနှင်ခြင်း ရှိ/မရှိ၊ မော်တော်ဆိုင်ကယ်စီးနှင်းသူများအနေဖြင့် ဆိုင်ကယ်ဦးထုတ်များ တပ်ဆင်မောင်းနှင်းခြင်း ရှိ/မရှိ၊ အသုံးပြုသွားလာနေသည့် ဆိုင်ကယ်များတွင် ယာဉ်မောင်းလိုင်စင် ရှိ/မရှိစစ်ဆေးခြင်း၊ နံပတ်ပြားများ ပါ/မပါ၊ အရက်သေစာသောက်စား မောင်းနှင်းခြင်း ရှိ/မရှိများကို စစ်ဆေးခြင်းနှင့် တရားမဝင်မူးယစ်ဆေးဝါးများ သယ်ဆောင်မှုမရှိစေရေးတို့အတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးအဖွဲ့တွင် မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)