ပင်းတယ မေ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်ရာတွင် ရေ (၁၂)လီတာတွင် လိုအပ်သည့် ပမာဏအတိုင်း ဂျယ်၊ ဆန်အမှုန့်၊ ဆား၊ မိမိအသုံးပြုလိုသည့် အရောင်နှင့် အနံ့တို့ကိုထည့်၍ ပါဝင်သောပစ္စည်းများကို အဆင့် တစ်ဆင့်ချင်းစီ မွှေရပြီး တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် အဖုံးအုပ်ပြီးထားရကြောင်း၊ ပြုလုပ်ပြီး ဆပ်ပြာဆီ (၁)လီတာလျှင် ငွေကျပ် (၁၀၀၀)ဖြင့် ပြန်လည်ရောင်းချကြောင်း၊ အိမ်ရှင်မများအတွက် အိမ်တွင်းမှုလုပ်ငန်းဖြစ်ရာ အရင်းအနှီးနည်းပါးပြီး မိမိတို့အိမ်တွင် ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်သည့်အပြင် ပိုလျှံသော ဆပ်ပြာဆီများကို ပြန်လည်ရောင်းချခြင်းကြောင့် မိသားစုအတွက် အပိုဝင်ငွေတိုးစေသော လုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း ဆပ်ပြာဆီပြုလုပ်ရောင်းသူတစ်ဦးထံမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)