မိုင်းကိုင် မေ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုင်)၊ မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံနည်းဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ အခမ်းအနားကို ကျောင်းသား ကျောင်းသူများ၏ တို့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အမှာစကားပြောကြားကာ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဖတ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ကျောင်းဝတ်စုံတစ်စုံ ခဲတံလေးချောင်းတို့ကိုလည်းကောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဖတ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်ချောင်း၊ ဖောင်တိန်နှစ်ချောင်းတို့ကိုလည်းကောင်း၊ သင်ထောက်ကူပစ္စည်းများကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများအားလည်းကောင်း တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ အထက်တန်းကျောင်း(၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၇)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၅)ကျောင်း၊ မူလတန်းကျောင်း (၅၂)ကျောင်း၊ မူလတန်းကျောင်းခွဲ(၄၀)ကျောင်း စုစုပေါင်း(၁၂၀) ကျောင်းရှိသည့်အနက် မေလ ၂၃ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ ကျောင်းအပ်နှံသူများမှာ အထက်တန်းအဆင့် ၁၀၁ ဦး၊ အလယ်တန်းအဆင့် ၅၅၁ ဦးနှင့် မူလတန်းအဆင့် ၂၇၅၄ ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်ပြီး ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကာ ဇွန်လ ၃ ရက်နေ့မှစ၍ ကျောင်းများအားလုံး၌ ကျောင်းသင်ခန်းစာများကို စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)