တိုက်ကြီး မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်လက်ထောက်ပညာရေးမှူးဦးမိုးကျော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးသန်းစိုးနိုင်က သစ်တောများနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်းနှင့် သစ်တောများမှပေးစွမ်းသော အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ထို့နောက် တိုက်ကြီးမြို့နယ် လသာကုန်းပျိုးဥယျာဥ်အတွင်း သစ်ပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများကို ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သွားရောက်ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်လက်ထောက်ပညာရေးမှူး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၅)ဦး တက်ရောက်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)