နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူဦးရေများပြား

နောင်တရား မေ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံသည့်နေ့မှစ၍ မေလ ၂၉ ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၂၃၆၈) ဦးရှိကြောင်း အ.ထ.က နောင်တရားကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အ.ထ.က နောင်တရားကျောင်း၌ ပညာသင်ယူခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃၀၀၀)ကျော်ရှိခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးနေ့မှစတင်ပြီး မေလ ၂၉ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ ၂၃၆၈ ဦး လာရောက်အပ်နှံပြီးဖြစ်သည်။ နောင်တရား အ.ထ.က ကျောင်း၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများပြားသည့်အတွက် ကျောင်းအဆောက်အဦများ၊ စာသင်ခုံများ လိုအပ်ချက်များပြားလျက်ရှိပြီး အဆိုပါအခက်အခဲများကို ကျောင်းကော်မတီနှင့် ကျောင်းသားမိဘများက ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းဆောင်လိုအပ်ချက်နှင့် သင်ကြားရေးအသုံးအဆောင်များ လိုအပ်ချက်များပြားနေသည့်အတွက် ကျောင်းအပ်လက်ခံခြင်းကို အကန့်အသတ်ဖြင့် ဆောင်ရွက်နေရကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်စဉ်ပညာသင်ယူဆည်းပူးသည့် ကျောင်းသား၊ ကျောင်းသူ အများဆုံးဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)