မိုးညှင်း မေ ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် လူထုဖြန့်ဝေပျိုးပင်ပေါင်း (၁၇၀၀၀) ပင်ကို မြို့မသစ်တောပျိုးဥယျာဉ်ခြံတွင် ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးထားရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်၊ လေကောင်း လေသန့်များရရှိစေရန်နှင့် ထင်းသုံးစွဲမှုဖူလုံစေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသ ရေမြေနှင့် ကိုက်ညီမှုရှိသည့် ပျိုးပင်မျိုးစုံကို ပျိုးထောင်ထားရှိပြီး နှစ်စဉ်မိုးရာသီကာလတွင် ဖြန့်ဝေ စိုက်ပျိုးကြလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း လူထုဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် ဒေသ ရာသီဥတုနှင့် ကိုက်ညီသော ကျွန်း၊ ပျဉ်းကတိုး၊ သစ်အယ်၊ မန်ဂျန်ရှား၊ မျောက်ငို၊ ငါးပေါက်၊ မဟော်ဂနီ၊ ခရေ၊ ယမနေ၊ ယင်းမာ၊ တောင်တမာ၊ ပျဉ်းမ၊ ပိတောက်၊ ကံ့ကော်၊ စကားဝါနှင့် တမလန်း စသည့် ပျိုးပင်များစုစုပေါင်း (၁၇၀၀၀) ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းထံမှ သိရသည်။
ရွှေမိုးညှင်း