ရွှေကူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရွှေကူ မေ ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်မှ " ကျောင်း နေအရွယ်ကလေးအားလုံးအခြေခံပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ၊ ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးကိရိယာများနှင့် ထမင်းဗူးများ၊ ထီးများစသည်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)