မြစ်ကြီးနား မေ ၃၁
ကချင်ပြည်နယ် ပူတာအိုခရိုင်နှင့် ချီဖွေခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် ယမန်နေ့ နံနက် အစောပိုင်းတွင် အမြင့်ဆုံး (၁၀၃၁) စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြို့ပေါ်မြေနိမ့်သည့် ရပ်ကွက်များတွင် ရေဝင်ရောက်မှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သစ်ကြီးရပ်ကွက်အတွင်း မြို့၏ပင်မရေနုတ်မြောင်းတစ်ခု ဖြစ်သည့် အမှတ်(၅)မြောင်းအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လာသည့် အခြေအနေများနှင့် အဆိုပါ ရပ်ကွက်အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှု အခြေအနေများကို လည်းကောင်း၊ ထိုမှတစ်ဆင့် ကြက်ပေါင်ခြံရပ်ကွက်၊ နယ်မြေ(၃)အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက် နေမှုအခြေအနေများနှင့် လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်စဉ်များကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေဝင်ရောက်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့ရောက်ရှိနေကြသည့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များအား ထောက်ပံ့ချီးမြှင့်ငွေများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအတွက် ထောက်ပံ့ ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လယ်ကုန်းရပ်ကွက် နယ်မြေ (၁၄) အတွင်း မြစ်ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ် မြစ်ရေ ဝင်ရောက်လေ့ရှိသည့် နေရာများမှ လူနေအိမ်များ ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရေး ပင်မမြောင်း ကြီးများနှင့် ချောင်းငယ်များအား ပိတ်ဆို့မှုမရှိစေရေး၊ ကျူးကျော်ခြံခတ်နေထိုင်မှုမရှိစေရေး၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်တရားလွှတ်တော်ရုံးသို့ သွားရောက်ပြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ မြစ်ကြီးနားခရိုင်နှင့် မြို့နယ်တရားရုံးများရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်တရားသူကြီးဦးတူးမော်၊ ပြည်နယ်တရားရေးဦးစီးမှူးတို့က အထက် တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ ကြေးနှင့် ကျောင်းသုံးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ ယာယီတိမ်းရှောင်လျက်ရှိသော မိသားစုများ စားသောက်မှုအဆင်ပြေစေရေးနှင့် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေး လျက်ရှိရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီစခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများ အား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရာဒါကောင်း (ဘီ)အတွင်းရှိ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုအသင်းပိုင်ဝင်းအတွင်း ဝိုင်းမော်မြို့နယ် အတွင်းရှိ ဝူယန်၊ ခကွမ်၊ မဒိန်၊ နောင်ဟီး၊ ဆဒုံး၊ စန်းကားကျေးရွာများမှ တိမ်းရှောင်လာသော အိမ်ထောင်စု (၉၃)စု၊ လူဦးရေ (၇၅၅) ဦးတို့အား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က အားပေးစကားပြောကြားသည်။
ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားရာတွင် မိသားစုများအနေဖြင့် နေရပ်ကျေးရွာများ၊ နေအိမ်များကို စွန့်ခွာ၍ ခိုလှုံနေထိုင်ရသည့်အတွက် လိုအပ်ချက်၊ အခက်အခဲများရှိနေ မည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆန်နှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်သည့်အပြင် ယနေ့ မိသားစုများ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး လိုအပ်သည့် ပံ့ပိုးကူညီများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ထို့နောက် စခန်းတာဝန်ခံများနှင့် အိမ်ထောင်စုများက ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်ရာတွင် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေအရွယ်ကလေးတိုင်း နီးစပ်ရာ ကျောင်းများတွင် သတ်မှတ်ချိန်အမီ အပ်နှံနိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားများအတွက် ကျောင်းသုံး ဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ကာ မိသားစုများအတွက် မုန့်များကို လိုက်လံဝေငှကျွေးမွေး ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယာယီနေထိုင်ရာ နေအိမ်တန်းလျားများနှင့် တည်ဆောက်ဆဲ နေအိမ်တန်းလျားများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေအိမ် တည်ဆောက် ရာတွင် လိုအပ်သည့် ဝါးနှင့် မိုးကာလိပ်ဝယ်ယူနိုင်ရေး ငွေကျပ် ၄၆ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ ရေအိမ်သာလိုအပ်ချက်နှင့် လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် စီတာပူရပ်ကွက် သီတာအေးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၄၃)စု၊ လူဦးရေ (၁၁၉)ဦးတို့အား ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။
ဆက်လက်၍ အိမ်ထောင်စုများက ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယာယီအဆောက်အအုံ တည်ဆောက်နေထိုင်နိုင်ရေး၊ သောက်သုံးရေလုံလောက်မှုရှိစေရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နေအိမ်အဆောက်အအုံတည် ဆောက်နိုင်ရေးအတွက် အမိုးအကာအတွက် လိုအပ်သည့် ငွေကျပ် ၂၃ သိန်းနှင့် ကျောင်းသုံးဗလာ စာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ညနေပိုင်းတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဆွမ်ပရာဘွမ်မြို့နယ်မှ ပြန်လည်ရောက်ရှိလာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခြင်း၊ မုန့်နှင့် အချိုရည်ဘူးများ လိုက်လံဝေငှကျွေးမွေးခြင်းတို့ဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွမ်ပရာဘွမ်မြို့နယ်မှ ဝန်ထမ်းများနှင့် မိသားစုများအား ယခုလို ကြိုဆိုခွင့်ရသည့်အတွက် အတိုင်းထက်အလွန်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယနေ့ ဝန်ထမ်းများအနေဖြင့် ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိခဲ့မှုများအပေါ် နိုင်ငံ့ဝန်ထမ်းဘဝ၏ အကြီးမားဆုံးသော အရင်းအနှီးတစ်ခုအဖြစ် မှတ်ယူပြီး၊ မိမိတို့၏ တာဝန် နှင့် ဝတ္တရားများအပေါ် ဆက်လက်၍ အကောင်းဆုံးကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွမ်ပရာဘွမ်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစု (၄၄)ဦးတို့အတွက် ဆန်(၆)ပြည်ပါ တစ်အိတ်စီ၊ ဆီ (၁) ပိဿာ၊ ခေါက်ဆွဲခြောက်ဖာ (၁)ဖာစီ၊ ကြက်ဥ(၁)ကတ်စီ၊ ကော်ဖီ၊ နို့ဆီနှင့် ကိတ်မုန့်များကိုလည်းကောင်းနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက ဝန်ထမ်းနှင့် မိသားစုများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၆)သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဝန်ထမ်းများအတွက် ညစာကို လိုက်လံဝေငှထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)