တောင်သာ မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တောင်သာမြို့နယ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.လ.က(ခွဲ)အနောက်ရပ် ကျောင်းသား/ကျောင်းသူများက “လမ်းပြကြယ်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရမှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးမြင့်နိုင်မှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှုရာခိုင်နှုန်းအရေအတွက်နှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ကျောင်းအပ်နှံရေးအတွက် ဆရာ၊ ဆရာမများမှ ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်အစိုးရမှ အခမဲ့ဖြန့်ဝေပေးသော ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံများ၊ ကျောင်းဝတ်စုံများကို ကျောင်းသား/ကျောင်းသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများအား ကျောင်သား၊ ကျောင်းသူများက “မြန်မာကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)