ခရမ်း မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ဘိုကလေးကျေးရွာအုပ်စု ဘိုကလေးကျေးရွာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများက သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဘိုကလေးကျေးရွာ ဆိုင်ကလုန်းရှက်တာခန်းမ၌ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးHကံထူးနှင့်ဝန်ထမ်းများက သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သော ဘေးသင့်ပြည်သူများအား လတ်တလောစားဝတ်နေရေး ပြေလည်စေရန်ထောက်ပံ့ခြင်း၊ မြစ်နှင့်ပင်လယ်အတွင်း သဘာဝဘေးကြုံတွေ့မှုကြောင့် ပြည်တွင်း၊ ပြည်ပနယ်မြေရပ်ခြားသို့ ရောက်ရှိသွားသူများအားထောက်ပံ့ခြင်း၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်သူများအားထောက်ပံ့ခြင်း၊ ငတ်မွတ်ဘေးကျရောက်နေသူများအားထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားပြီး သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့က ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုနည်း၊ အရေးပေါ်လူနာအသက်ကယ်နည်းတို့ကို လက်တွေ့ပြသခဲ့ကြောင်းသိရသည်။
ကိုမင်း ( ခရမ်း )