ရန်ကုန် မေ ၃၀
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့(ဗဟို)က ကြီးမှူးကျင်းပသည့် ဧကာဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်မဟာဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မဟာဗုဒ္ဓ၀င်ဒေသနာတော်ဖြေဆိုပူဇော်ပွဲ နောက်ဆုံးအဆင့် ဖြေဆိုယှဉ်ပြိုင်ပွဲတွင် ဆုရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိ၀ံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓ၀င်အဖွဲ့(ဗဟို)နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်သူများနှင့် မိဘဆွေမျိုးများ၊ အလှူရှင်များနှင့် ပရဟိတအဖွဲ့အစည်းများ တက်ရောက်ကြသည်။
ဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး တေးသံရှင်များက ဓမ္မတေးသီချင်းများ ချီးကျူးပူဇော်သီဆိုဖျော်ဖြေကြသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာပဏ္ဍိတဘိက္ခုဆရာတော်က အဖွင့်အမှာစကား ပြောကြားတော်မူသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တစန္ဒိမာဘိ၀ံသ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာကဏ္ဍိတ၊အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ၊ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၊ ဝေမိုးကျွန်းလှ ဆရာတော် ဘဒ္ဒန္တ ၀ိလာသနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့ (ဗဟို)နာယက ဆရာတော်တို့က နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ်တော် ရရှိတော်မူကြသည့် ဆရာတော်များ၊ လူပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုလွှာများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င် ဖြေဆိုပူဇော်ပွဲဖြစ်မြောက်ရေးအတွက် တစ်တပ်တစ်အား ပါ၀င်ဆောင်ရွက်ခဲ့ကြသော ဂုဏ်ထူးဆောင်များ၊ ကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ယင်းနောက် ဧကာဒသမအကြိမ်သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဖိုင်နယ်ဆင့် အမေး/အဖြေ ဖြေဆိုခြင်းဆိုင်ရာ ပွဲစဉ်(၄)တွင် ပြိုင်ပွဲဝင်(၆)ဦးသည် စကားပြောစွမ်းရည်၊ ပါဠိရေးစွမ်းရည်နှင့် သာသနာတော်ဆိုင်ရာ အထွေထွေဗဟုသုတ မေးခွန်းများကို ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်တွင် ရမှတ် (၆၀) မှတ်ဖြင့် ပထမဆုရရှိသော၊ ဧရာ၀တီတိုင်းဒေသကြီး စာဖြေဌာန(၁)၊ ဓနုဖြူမြို့နယ် ချောင်းစောက် ဓမ္မစကူးလ်မှ မချောစုလှိုင်၊ ရမှတ် (၅၉) မှတ်ဖြင့် ဒုတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီး စာဖြေဌာန(၁)အုတ်တွင်း မြို့နယ် သာသနာမာမက ဓမ္မစကူးလ်မှ မရှင်းသန့်ခင်၊ ရမှတ်(၄၉)မှတ်ဖြင့် တတိယဆုရရှိသော ဧရာ၀တီတိုင်းဒေသကြီး စာဖြေဌာန(၁)၊ ဓနုဖြူမြို့နယ် ချောင်းစောက်ဓမ္မစကူးလ်မှ မောင်ဟိန်းထက်ဇော်တို့မှ ရရှိကြသည်။
ဆက်လက်၍ ဧကာဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မချောစုလှိုင်က ကျပ်သိန်း ၁၂၀+၆၀ မေးခွန်းများ ဖြေဆိုပူဇော်ခြင်း အခမ်းအနားကို ကျင်းပသည်။
ထို့နောက် ဗုဒ္ဓ၀ံသဒီပလိုမာတန်း အောင်လက်မှတ်များ ရရှိကြသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့(ဗဟို) နာယကဆရာတော်များနှင့် တာ၀န်ရှိသူများ ဘွဲ့လက်မှတ်များ အပ်နှင်းပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
နံနက်ပိုင်းအစီအစဥ်တွင်လည်း ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ဗုဒ္ဓ၀ံသဗဟုသုတဓရဘွဲ့ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ သုတစုံလင်ဗုဒ္ဓ၀င်ဖြေဆိုပူဇော်ပွဲ ပထမအကြိမ်မှ ဒသမအကြိမ်အထိ ပထမဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဖြေဆိုပူဇော်ပွဲအတွက် ကူညီပံ့ပိုးပေးကြသူများအား ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာကဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဒေါက်တာပဏ္ဍိတဘိက္ခု၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့၀င်ဆရာတော်များက ဘွဲ့လက်မှတ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြင့်(ပြန်/ဆက်)