ကျောက်ဖြူ မေ ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့်အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက နိုင်ငံတော်မှ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူ၍ ချမှတ်ထားပါကြောင်း၊ လူငယ်များအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ပညာပြည့်စုံသော လူငယ်များ ဖြစ်ရန် လိုအပ်ပါကြောင်း၊ သင်တန်းများတက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် ပညာရပ်များကို ကျောင်းများဖွင့်လှစ်ပြီး ကျောင်းသင်ခန်းစာများသင်ယူသည့်အခါ၌ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က သင်တန်းဖွင့်လှစ် ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများမှ သင်တန်းနည်းပြဆရာနှစ်ဦးအား ဂုဏ်ပြုအမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ ၎င်းတို့နှစ်ဦးမှ မုဒိတာစကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် စိတ်ပါဝင်စားစွာဖြင့် သင်ယူခဲ့ကြသည့် သင်တန်း သား၊ သင်တန်းသူများနှင့် ထူးချွန်ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ရာ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား၊သင်တန်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် သင်တန်းသား၊ သင်တန်းသူတို့၏ ပန်းချီလက်ရာများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းကို သင်တန်းနည်းပြဆရာနှစ်ဦးက မေလ ၃ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့ ပို့ချပြသခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း