မိုးညှင်း မေ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက အဆိုပါ ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်မှ ဇွန်လ(၂)ရက်ထိ ကျောင်းအပ်နှံ ရေးသီတင်းပတ်အဖြစ် သတ်မှတ်ခဲ့ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ အခမဲ့ပညာရေး စနစ်ဖြစ်၍ ငွေကြေးလုံးဝမကောက်ခံပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မိုးညှင်းမြို့နယ်အတွင်း ကျောင်းနေရန်အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးကို ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး အထက(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း (၂၀၀)နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း စုစုပေါင်း (၂၀၂)ကျောင်းရှိသည့်အနက် (၁၉၉) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း (၁၀)ကျောင်း စုစုပေါင်း (၂၀၉)ကျောင်းတို့ အသီးသီး ဖွင့်လှစ် သွားမည်ဖြစ်ပြီး ပညာရေးဌာနမှ မူလတန်းကျောင်းသားကျောင်းသူ တစ်ဦးလျှင် ပုံနှိပ်တစ်စုံ၊ ဗလာ စာအုပ်တစ်ဒါဇင်၊ ခဲတံလေးချောင်းနှင့် ဝတ်စုံတစ်စုံစီကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်တို့တွင် ကျောင်းသား၊ ကျောင်းသူ တစ်ဦးစီကို ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ နှစ်ချောင်းနှင့် ဘောပင်နှစ်ချောင်းစီကိုလည်းကောင်း အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း