စဉ့်ကူးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

စဉ့်ကူး မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန စဉ့်ကူးမြို့နယ်၏ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို စဉ့်ကူး(အ.ထ.က) ရွှေရတုခန်းမ၌ ယနေ့နံနက်(၉)နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊သူများ တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် စဉ့်ကူး အ.ထ.က ကျောင်းသား/သူများက“တို့ကျောင်းတော်”သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးတိုင်းပညာသင်ယူနိုင်ဖို့ မိဘပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ကျော်ဇင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး တာဝန်ခံဆရာမကြီး ဒေါ်စုစုမွန်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တာဝန်ရှိသူများမှ နိုင်ငံတော်မှအခမဲ့ပေးအပ်သော ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာအုပ်များကို ကျောင်းသား/သူများထံသို့ ပေးအပ်ပြီး လက်ပန်လှ အ.ထ.က ကျောင်းသား/သူများက “ကျောင်းသွားကြမယ်”သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။

စဉ့်ကူးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၂၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၁၉)ကျောင်းတို့အား ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် (၂၃-၅-၂၀၂၄)ရက်နေ့မှ စတင် ကျောင်းအပ်နှံဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံသည့် ကျောင်းသား/သူများအားလုံးကို မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်နှင့် မူလတန်း အဆင့် ကျောင်းသား/သူများကို ကျောင်းဝတ်စုံ တစ်စုံစီ အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)