ကျောက်ဆည် မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ နှံစားပြောင်း၊ ပြောင်းဖူး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ငရုပ်၊ ချည်မျှင်ရှည်ဝါ၊ ငှက်ပျော၊ သရက်၊ ကွမ်း၊ ရှောက်၊ သံပရာ၊ နနွင်း စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် နနွင်း(၁)ပိဿာငွေ(၁၅၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရသဖြင့် နနွင်းလက်ဝယ်ရှိသော တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နနွင်းသီးနှံသည် မြေတွင်းအတတ်ပွားသည့် သီးနှံဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက အမြင့်(၁)ပေ၊ အကျယ်(၃)ပေခန့် မြေဘောင်များပြုလုပ်ကာ စိုက်ပျိုးရကြောင်း၊ ရေကြိုက်နှစ်သက်သဖြင့် အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း စိုက်ပျိုးရာ၌ နနွင်းခေါင်းစိုက်ပျိုးခြင်း၊ နနွင်းအတက်မျိုးစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ နနွင်းခေါင်းမျိုး စိုက်ပျိုးပါက တစ်ဧက(၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ အတက်မျိုး စိုက်ပျိုးပါက (၆၀၀)ပိဿာခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်တွင် နနွင်းအပွင့်များစတင်ပွင့်ပြီး အပိုဝင်ငွေအဖြစ် ချိုးယူရောင်းချပါက နနွင်းတစ်ဧကတွင် ငွေကျပ်(၁၀၀၀၀၀)ခန့်ရရှိကြောင်း၊ စိုက်ပျိုးပြီး (၈)လကျော်တွင် နနွင်းအတက်များစတင်တူးဖော်ရပြီး နနွင်းတစ်ဧကတူးဖော်ပါက မြေအမျိုးအစားနှင့် စိုက်ပျိုးချိန်တွင် ဂရုစိုက်မှုအပေါ်မူတည်၍ နနွင်းတက်အစို (၃၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာထွက်ရှိကြောင်း နနွင်းစိုက်တောင်သူများထံမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နနွင်းသီးနှံများကို ပေါင်လောင်ကြီး၊ ပွတ္တိုင်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)