မတ္တရာ မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် စိုက်ပျိုးရေးနှင့် စီးပွားရေးကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်ရှည်ခံသီးပင်ဖြစ်သော သရက်ပင်များကို စိုက်ပျိုးကြပြီး ယခုကာလတွင် စိန်တလုံးသရက်သီး ဈေးကွက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ယခင်က သရက်သီးကို တနိုင်တပိုင်စားသုံးရန်အတွက် စိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်းကာလတွင် သရက်သီးပင်များကို ယာမြေနှင့် ဥယာဉ်ခြံမြေများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလာကြောင်း၊ စိုက်ပျိုးရာတွင် ယခင်က အစေ့ပျိုးပင်များကိုသာ စိုက်ပျိုးကြပြီး ယခုအချိန်တွင် တောင်သူများသည် စိုက်ပျိုးရေးနည်းပညာများ ထွန်းကားလာသဖြင့် ကိုင်းကူးစနစ်ဖြင့် စိုက်ပျိုးလာကြသည်ကို တွေ့ရသည်။
ထိုသို့ ကိုင်းကူးစနစ်ဖြင့် စိုက်ပျိုးထားသော သရက်ပင်သည် သုံးနှစ်ခန့်ကြာကာလတွင် အသီးစတင်သီးပြီး၊ အလုံးချောသည့်အတွက် ဈေးကွက်ဝင်ကြောင်း သိရသည်။ အရင်နှစ်ကထက် အထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိသည့်အတွက်ကြောင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်