မုဒုံမြို့နယ်တွင် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရကာ စိုက်ပျိုးသူများအဆင်ပြေ

မုဒုံ   မေ  ၃၀

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ်ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ ယခင်နှစ်များထက် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

ကြက်မောက်ပင်များကို မြေအမျိုးအစား အများအပြားတွင် စိုက်ပျိုးနိုင်ပြီး ရေမဝပ်သောနေရာများ၌ စိုက်ပျိုးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ အပင်များကို အစေ့မှပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ကိုင်းကူးနည်းများဖြင့် အကျယ်(၃)ပေ၊ အနက်(၃)ပေအတွင်းမှ တစ်ပင်နှင့်တစ်ပင်(၁၅)ပေခန့်အကွာ တစ်ဧကလျှင်(၄၈)ပင်စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၃)နှစ်ခန့်အကြာတွင် စတင်အသီးသီး၍ တစ်နှစ်လျှင် (၅)လကြာအထိ ခူးယူရောင်းချရကြောင်း၊ အခြားနှစ်ရှည်ပင်များထက် စိုက်ပျိုးကုန်ကျစရိတ်သက်သာပြီး ပိုးမွှားရောဂါကျရောက်မှုနည်းပါး၍ အကြမ်းခံသော သီးနှံပင်မျိုးဖြစ်သောကြောင့် စိုက်ပျိုးရန်သင့်တော်ကြောင်း ဘဲရမ်းကျေးရွာနေ ဥယျာဥ်ခြံစိုက် တောင်သူတစ်ဦးကပြောသည်။

ကြက်မောက်ပင်များကို တစ်ဧကစိုက်ခြင်းဖြင့် အလုံးရေ(၆၀၀၀၀)မှ (၇၀၀၀၀)ခန့်ထွက်ရှိကာ ဒေသပေါက်စျေး တစ်လုံးလျှင် ငွေကျပ် ၁၀၀ မှ ၂၀၀ အထိ  မြို့ပေါ်စျေးများနှင့် အခြားမြို့နယ်များဖြစ်သည့် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)