မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား တက်ရောက်

​မော်လမြိုင် မေ ၃၀

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ​တိုးတက်အောင်မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်အားကစားသမားများကို ​ပြုစုပျိုး​ထောင်​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့၊ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ သထုံမြို့နယ်ဘောလုံးအသင်းနှင့် ​​ချောင်းဆုံမြို့နယ် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်​ကစား​​နေမှုကို ကြည့်ရှုအား​ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပွဲစဉ်အလိုက် အ​ကောင်းဆုံးကစားသမားဆုများ၊ ​နေရာအလိုက် အ​ကောင်းဆုံး ကစားသမားဆုများအားလည်း​ကောင်း၊ ဒုတိယဆု၊ ပူးတွဲတတိယဆုများရရှိကြသည့် ပြိုင်ပွဲဝင်​ဘောလုံးအသင်းများအားလည်း​ကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် သထုံမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ​ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေလ  ၁၄ ရက်​နေ့မှ ၂၉ ရက်​နေ့အထိကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)